နံနံပင် ကြိုက်သူတွေအတွက် စကားလက်ဆောင်
မုန့်ဟင်းခါးပဲစားစား၊ ကြာဇံချက်တွေ မုန့်တီတွေပဲ သောက်သောက်၊ ငါးချဉ်လေးပဲ သုပ်စားစား နံနံပင်လေး ပါမှ စားတတ်တယ်ဆိုရင်တော့ နံနံပင်စားရင်းရမယ့် ကျန်းမာရေးအာနိသင်တွေကိုလည်း သိထားဖို့ လိုပြီနော်။
နံနံပင်ဆိုတာက အစိမ်းရောင်ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်မျိုးဝင် အပင်ငယ်လေး တစ်မျိုးပါ။ အရွက်စိမ်း အရသာထက် မပိုပေမယ့် ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့ ပြည့်ပြည့်ဝဝ လုပ်ဆောင်ပေးပါတယ်။
အစိမ်းရောင် စိုစိုလေးနဲ့ လှပပြီး အမွှေးနံ့နဲ့ ပြည့်စုံတဲ့ နံနံပင်မှာ Beta-phelandrene၊ ဗီတာမင် C၊ အင်ဒီအောက်ဆီးဒင့်တွေ၊ ဗီတာမင် E၊ Alpha-pinene တို့ ပါဝင်နေပါတယ်။
နံနံပင် နဲ့ ကျန်းမာရေး
ဟင်းလျာတွေကို အရသာတိုးစေတဲ့ နံနံပင်က ကျန်းမာရေးအတွက်လည်း အခုလို အားဖြည့်ပေးပါသေးတယ်။
- အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူနံရံတွေကို အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိအောင် လုပ်ဆောင်ပေးနိုင်ပါ။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဝမ်းလျှောတာ၊ အော့အန်တာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။
- အသားအရေ ကျန်းမာစေတယ်
ဝက်ခြံ၊ အရေပြားမွဲခြောက်တာတွေ သက်သာစေဖို့အတွက်လည်း နံနံပင်ကို စားပေးလို့ရပါတယ်။ ဗီတာမင် စီ ပါဝင်နေတာက အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။ အရောင်ကျစေနိုင်ပြီး အရေပြားဆဲလ်တွေ အသစ်ဖြစ်စေသလို အနာကျက်စေဖို့ ထောက်ကူပေးပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်
နံနံပင်မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
- အရိုးတွေ သန်မာစေတယ်
နံနံပင်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း ကာကွယ်ပေးပါသေးတယ်။
- နှလုံးကျန်းမာစေနိုင်တယ်
နံနံပင်မှာ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးသွေးကြော ကျဉ်းတာ၊ သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နှလုံး ကျန်းမာချင်တယ်ဆိုရင် နံနံပင် စားပေးလို့ရပါတယ်။
- သွေးချို ကျစေတယ်
နံနံပင်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ သွေးချိုကျစေဖို့ စားပေးလို့ ရပါတယ်။
- ဦးနှောက်ကျန်းမာစေတယ်
နံနံပင် စားပေးတာက ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းချင်တယ်ဆိုရင် နံနံပင် စားပေးလို့ ရပါတယ်။
မွန်မွန်